အမေရိကန်ပြည်ထောင်စုရှိ အလုပ်အကိုင်
အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင်သည် အထူးအရေး ကြီးပါသည်။ အလုပ်ရှာခြင်း၊ အလုပ်ရခြင်းနှင့် တည်မြဲခြင်းက သင့်မိသားစု၏ အနာဂတ်နှင့် နေရေးထိုင်ရေးအတွက် အရေးကြီးပါသည်။ ကိုယ်တိုင်ရပ်တည်နိုင်မှုအတွက် အမြန်ဆုံး နည်းလမ်းဖြစ်ပြီး အောင်မြင်မှုအတွက်လည်း လိုအပ်ပါသည်။ သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီက သင့်အား အလုပ်အကိုင် ဝန်ဆောင်မှုများနှင့် ကူညီချိတ်ဆက်ပေးမည် ဖြစ်သော်လည်း အလုပ်ရှာတွေ့ပြီး တည်မြဲရန် သင်ကအဓိက ကျပါသည်။ အမေရိကန်ပြည်ထောင်စုသို့ ရောက်ပြီးနောက် အမြန်ဆုံး တက်ကြွစွာ အလုပ်ရှာရန် ပြင်ဆင်ထားသင့်ပါသည်။
အမေရိကန် ပြည်ထောင်စုတွင် အလုပ်အကိုင် အကြောင်းကို အောက်မှာ နောက်ထပ် လေ့လာပါ။
ဤစာမျက်နှာရှိ သတင်းအချက်အလက်များကို လေ့လာရန် ပုံစံတစ်ခုကို ရွေးချယ်ပါ။ သင်သည် ဗွီဒီယို ကြည့်ရှုခြင်း၊ အချက်အလက်စာရွက်တစ်ခုကို ဒေါင်းလုပ် ဆွဲနိုင်ခြင်း Podcast ကို နားထောင်ခြင်းတို့ ကို ပြုလုပ်နိုင်သည်။ ရွေးချယ်မှုတိုင်း အတွက် သတင်း အချက်အလက်မှာ အတူတူ ဖြစ်သည်။
အလုပ်ရှာဖွေခြင်း
ကျား၊ မ မရွေး အသက် ၁၈ နှစ်မှ ၆၄ နှစ်အကြား အရွယ်ရောက်ပြီးသူတိုင်း အလုပ်လုပ်နိုင်ပါက အလုပ်တစ်ခု ဦးစားပေးရှာဖွေသင့်ပါသည်။ အလုပ်ရှိပါက သင့်ကိုယ်သင်ရော၊ သင့်မိသားစုကိုပါ ထောက်ပံ့နိုင်ပါသည်။ အစိုးရ အထောက်အပံ့က အချိန်နှင့် ငွေပမာဏ ကန့်သတ်ချက်ရှိသောကြောင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ပြီးနောက် အမြန်ဆုံး အလုပ်ရှာရန် အရေးကြီးပါသည်။
အစိုးရကဖြစ်စေ၊ သင့်ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီက ဖြစ်စေ အလုပ်အကိုင်ရရှိရန် အာမခံခြင်း မရှိပါ။ အလုပ်ရရန် သီတင်းပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာနိုင်ပြီး အလုပ်အင်တာဗျူးများစွာ ဖြေရနိုင်ပါသည်။ အလုပ်ရှာရန်နှင့် အမေးများသော အင်တာဗျူးလမ်းညွှန်များ လေ့လာရန်အတွက် သင့်အလုပ်အကိုင်ရေးရာကျွမ်းကျင်သူနှင့် ဆောင်ရွက်သင့်ပါသည်။
သင့်အားကမ်းလှမ်းသော ပထမဆုံးအလုပ်ကို သင့်နယ်ပယ်တွင် လစာအများကြီး မပေးသည့်တိုင် လက်ခံမည်ဟု မျှော်လင့် ပါသည်။ သို့မှသာ အလုပ်အကိုင်ရာဇဝင် ရရှိကာ သင့်မိသားစုကို စတင် ပံ့ပိုးနိုင်ပါမည်။ ကမ်းလှမ်းသည့်အလုပ်ကို လက်မခံပါက အစိုးရ အထောက်အပံ့ကို ဆုံးရှုံးနိုင်ဖွယ်ရှိပါသည်။ အလုပ်တစ်ခု တည်းကို လျှောက်ထားသူများစွာ ရှိတတ်သောကြောင့် နယ်ပယ်သစ်တစ်ခုရှိ အခြေခံအဆင့်အလုပ်ကို လက်ခံလိုစိတ် ရှိရန်အရေးကြီးပါသည်။ အလုပ်အကိုင်ရာဇဝင်ကောင်း ရရှိအောင် ထိုအလုပ်တွင် အနည်းဆုံး ၆ လ လုပ်ကိုင်သင့်ပါသည်။
အမေရိကန်ပြည်ထောင်စုရှိ အလုပ်အကိုင် ယဉ်ကျေးမှု
အမေရိကန်ပြည်ထောင်စုသည် အလုပ်ကြိုးစားသူများအတွက် အခွင့်အလမ်းရှိသည့်တိုင်းပြည်ဟု သိထားကြပါသည်။ ပိုကောင်းပြီး လစာပိုများသော အလုပ်ရရန်အတွက် အင်္ဂလိပ်လို ပြောနိုင်၊ ဖတ်နိုင်၊ ရေးနိုင်ရန်နှင့် ကျွမ်းကျင်မှုအသစ်များ လေ့လာရန် လိုပါမည်။ သင့်နိုင်ငံတွင် သီးခြားကျွမ်းကျင်ပညာရပ် တစ်ခု သင်လုပ်ကိုင်ခဲ့ပါက အမေရိကန်ပြည်ထောင်စုတွင် ထိုအလုပ်လုပ်နိုင်အောင် သင်တန်းတက်ပြီး အသိအမှတ်ပြု လက်မှတ်ရယူရန် လိုအပ်နိုင်ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားရော၊ အမျိုးသမီးပါ အလုပ်လုပ်ပါသည်။ အမျိုးသမီးများသည် လုပ်သားအင်အား၏ ထက်ဝက်ရှိကာ ရာထူးအဆင့်တိုင်းတွင် အမျိုးသားများနည်းတူ အလုပ်လုပ်ကာ အမျိုးသားအလုပ်သမားများကိုပင် ကြီးကြပ် အုပ်ချုပ်လေ့ ရှိပါသည်။
အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၄ နှစ်နှင့်အထက် ကလေးငယ်များသည် အချိန်ပိုင်းအလုပ်လုပ်နိုင်သော်လည်း အလုပ်လုပ်နိုင်သည့် အချိန်နာရီနှင့် လုပ်နိုင်သော အလုပ် အမျိုးအစားများ ကန့်သတ်ထားနိုင်ပါသည်။ အမေရိကန် ပြည်ထောင်စုရှိ လူငယ်များက ကျောင်းဆင်းချိန်၊ စနေ၊ တနင်္ဂနွေနှင့် အားလပ်ရက်များတွင် အချိန်ပိုင်း အလုပ်လုပ်ကြပါသည်။ အမေရိကန်ပြည်ထောင်စုတွင် လူငယ် လုပ်သားများကို ကာကွယ်သောဥပဒေများ ရှိပါသည်။
အလုပ်ခန့်ထားမှု အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ
အမေရိကန်ပြည်ထောင်စုတွင် ဝန်ထမ်းများက အလုပ်ခွင်၌ အခွင့်အရေးများရော တာဝန်များပါ ရှိပါသည်။ သင့်အလုပ် အတွက် လုပ်ခရပိုင်ခွင့်ရှိသလို အလုပ်အကိုင် ဥပဒေများက အလုပ်သမားများအား စိတ်မချရသော လုပ်ငန်းခွင် အခြေအနေ များမှ ကာကွယ်ပေးပါသည်။ အမေရိကန်ပြည်ထောင်စုတွင် သင်က အခွန်ဆောင်ရန်လည်း အရေးကြီးပါသည်။
သင်က ဒုက္ခသည်ဖြစ်ခြင်းကြောင့် အလုပ်ရှင်သည် သင့်အား ခွဲခြားဆက်ဆံ၍ မရသလို သင့်အသက်၊ မသန်စွမ်းမှု၊ အိမ်ထောင်ရေး အခြေအနေ၊ မျိုးနွယ်စု သို့မဟုတ် မူလနိုင်ငံသား၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လိင် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စိတ်ကိုင်းညွတ်မှုကြောင့် သင့်အား အလုပ်မပေးခြင်း သို့မဟုတ် ရာထူးတိုးမပေးခြင်းတို့ ပြုလုပ်၍မရပါ။ သို့ရာတွင် အထူးသဖြင့် အစိုးရလုပ်ငန်းရှိ အချို့အလုပ်များမှာ အမေရိကန် နိုင်ငံသားများ သာလျှင် လျှောက်ထားနိုင်ပါသည်။
ခွဲခြားဆက်ဆံမှုနှင့် စော်ကားမှုမရှိသော ပတ်ဝန်းကျင်တွင် အလုပ်သမားများက အလုပ်လုပ်ခွင့် ရှိပါသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုသည် တစ်စုံတစ်ယောက် နှောင့်ယှက်ခံရခြင်း သို့မဟုတ် အနေအထိုင်ခက်ခြင်း ဖြစ်စေသော လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ဖြစ်ပြီး ၎င်းကိုအလုပ်ခွင်တွင် သည်းမခံနိုင်ပါ။
အမေးများသော မေးခွန်းများ
သင်ပြန်လည်နေရာချထားခံရသော မည်သည့်နေရာတွင်မဆို သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီက သင့်အား အလုပ်အကိုင် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးပါလိမ့်မည်။ သို့သော် အလုပ်ရှာတွေ့ပြီးတည်မြဲရန် သင်ကအဓိက ကျပါသည်။ အမေရိကန်ပြည်ထောင်စုတွင် အလုပ်ရှာရန် အရေးကြီးပြီး သင့်ပထမဆုံးအလုပ်က သင့်နေရပ်နိုင်ငံရှိ သင့်အလုပ်ကဲ့သို့ ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် လုပ်ငန်းနယ်ပယ် တူချင်မှ တူပါလိမ့်မည်။ အခြေခံအဆင့် ကျွမ်းကျင်ပညာရှင်မဟုတ်သော အလုပ်တစ်ခု ဖြစ်နိုင်သလို ယာယီ သို့မဟုတ် အချိန်ပိုင်းလည်း ဖြစ်နိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်မှုစရိတ် ကြီးမြင့်သည့်အတွက် အမျိုးသားရော အမျိုးသမီးပါ အိမ်ပြင်ထွက် အလုပ်လုပ်ရန် တစ်ခါတစ်ရံ လိုအပ်ပါသည်။
အမေရိကန် မြို့ကြီးအများစုတွင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ရှိပါသည်။ ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်တွင် ကားများစီစဉ်ပေးထားမှု မရှိပါ။ ထို့ကြောင့် သင့်ပထမဆုံး အလုပ်ကိုသွားရန် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အားထားရနိုင်ပါသည်။