ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ၏ အခန်းကဏ္ဍ

: အပ်ဒိတ်လုပ်ထားသည်9/19/2024
ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီဆိုသည်မှာ အမေရီကန် ပြည်ထောင်စု ဒုက္ခသည်လက်ခံရေး အစီအစဉ်မှတဆင့် အမေရီကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက်ငှာ

ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီဆိုသည်မှာ အမေရီကန် ပြည်ထောင်စု ဒုက္ခသည်လက်ခံရေး အစီအစဉ်မှတဆင့် အမေရီကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက်ငှာ အမေရီကန်ပြည်ထောင်စု အစိုးရဖြင့် အများပြည်သူပိုင် နှင့် ပုဂ္ဂလိကဆိုင်ရာတို့တွင် လက်တွဲပူးပေါင်းဆောင်ရွက်ထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ အမေရီကန်ပြည်ထောင်စုတွင် နိုင်ငံတော်အဆင့်အနေဖြင့် စီမံလည်ပတ်လျက်ရှိသော ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ ကိုးခု ရှိပေသည်။ ဤနိုင်ငံတော်အဆင့် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီများသည် ဒုက္ခသည်များ နေထိုင်ရာ မြို့များ၌ ဒေသခံ ရုံးခန်းများ ထားရှိထားပြီး၊ သို့သော် ဒေသခံ ရုံးခန်းများမှာမူ အမျိုးမျိုးသော အမည်များဖြင့် လည်ပတ်မှုပြုကောင်း ပြုမည်ဖြစ်သည်။

ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ အချို့တွင် ဘာသာရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ရှိပေသည်၊ သို့သော် ၎င်းတို့အား ဒုက္ခသည်၏ မျိုးနွယ်၊ မူလနိုင်ငံ၊ ဘာသာရေး သို့မဟုတ် လိင် အစရှိသည်တို့အပေါ်အခြေခံပြီး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုအပေါ်အခြေခံပြီး ခွဲခြားဆက်ဆံခွင့်မပြုပေ။

ဤပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီများသည် ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များအား အမေရီကန်ပြည်ထောင်စုတွင် ပြန်လည်အခြေချနေထိုင်နိုင်ရန် နှစ်ပေါင်းများစွာ အကူအညီပေးလျက်ရှိပါသည်။ ၎င်းတို့သည် ဒုက္ခသည်များ နှင့် ၎င်းတို့၏ မိသားစုများအတွက် ၎င်းတို့ အမေရီကန်ပြည်ထောင်စု၌ စတင်နေထိုင်သည့် ပထမဆုံးသော လများအတောအတွင်း အရေးကြီးသော ပံ့ပိုးမှုများကို ထောက်ပံ့ပေးသည်။

Image
Resettlement Services
Image
Resettlement Services

ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ၏ အခန်းကဏ္ဍ

အမေရီကန်ပြည်ထောင်စု အစိုးရသည် လမ်းညွှန်ချက်များ သတ်မှတ်ထားပြီး၊ ဒုက္ခသည်များ လက်ခံရရှိသည့် အခြေခံဝန်ဆောင်မှုများအတွက် ရန်ပုံငွေများကို ထောက်ပံ့ပေးသည်၊ သို့သော် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီများ နှင့် အခြားသော အဖွဲ့အစည်းများသည် ဝန်ဆောင်မှုများအား ပေးပို့ဆောင်ရွက်ပေးပြီး၊ အခြားသော အကူအညီများကိုလည်း ကမ်းလှမ်းထောက်ပံ့ပေးကောင်း ထောက်ပံ့ပေးပေမည်။ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီသည် သင့်အား သင်၏ ဘဝသစ်ကို စတင်နိုင်ရန် သင် လိုအပ်သည့် အခြားသော ဝန်ဆောင်မှုများဖြင့်လည်း ချိတ်ဆက်ပေးမည်ဖြစ်သည်။ ဝန်ဆောင်မှုများ နှင့် ပံ့ပိုးထောက်ပံ့မှုများသည် အကန့်အသတ်ရှိပြီး၊ မိသားစု အရွယ်အစား၊ မိသားစုဝင်များ၏ အသက်အရွယ်များ၊ ပြန်လည်အခြေချနေထိုင်သည့် နေရာ နှင့် ဝင်ငွေ အစရှိသည်တို့ကဲ့သော အချက်များကြောင့်ငှာ အမျိုးမျိုးသော ဒုက္ခသည်များသည် အမျိုးမျိုးသော ဝန်ဆောင်မှုများကို လက်ခံရရှိပေမည်။

ပထမဆုံး ရက် ၃၀

ကနဦးပိုင်း ဝန်ဆောင်မှုများသည် ဒုက္ခသည်များအား အမေရီကန်ပြည်ထောင်စု၌ ဘဝအသစ်တစ်ခုကို တည်ဆောက်နိုင်စေမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်ငှာ အကူအညီပေးဖို့ ရည်ရွယ်ခြင်းဖြစ်သည်။ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီများသည် အမေရီကန်ပြည်ထောင်စု၌ သင်၏ ပထမဆုံး ရက် ၃၀ အတွက် အခြေခံ ဝန်ဆောင်မှုများ နှင့် နေထိုင်မှု ကုန်ကျစရိတ်များတို့ဖြင့် သင့်အား ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။ အချို့သော အေဂျင်စီများသည် သင်၏ အသုံးစရိတ်များအား သင့်ထံ တိုက်ရိုက် ပေးချေမည်ဖြစ်သည်။ အခြားသော အေဂျင်စီများကမူ ငွေကြေးအချို့အား သင့်ထံသို့ ပေး၍ အချို့သော အသုံးစရိတ်များကိုမူ မည်သည့်နေရာ၌ မည်သို့ သင်ကိုယ်တိုင် ပေးချေမှုရယူရမည်ဖြစ်ကြောင်း ပြသပေးကောင်း ပြသပေးမည် ဖြစ်သည်။

ရက်ပေါင်း ၉၀ အထိ

အကယ်၍ သင် လိုအပ်သော ပြန်လည်အခြေချနေထိုင်ရေး ဝန်ဆောင်မှုများအား ရက် ၃၀ အတွင်း ပြီးမြောက်ဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရက် ၃၀ ကာလအား သင် ရောက်ရှိချိန်မှစ၍ ရက် ၉၀ ကာလအထိ တိုးချဲ့နိုင်ပေသည်။ သင့်အနေနှင့် ဖြစ်နိုင်သမျှအမြန်ဆုံး အလုပ်တစ်ခုအား စတင် ရှာဖွေရန် လိုအပ်မည်ဖြစ်သည်။ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီသည် သင့်အတွက် အလုပ်တစ်ခု ရှာဖွေပေးဖို့ မလိုအပ်ပေ။ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီသည် သင့်အား ဖုန်း၊ တယ်လီဗေးရှင်း၊ ကား သို့မဟုတ် ကွန်ပျူတာများတို့ဖြင့် ထောက်ပံ့ပေးရန်လည်း မလိုအပ်ပေ၊ သို့မဟုတ် သင်၏ ခရီးသွားရန်ချေးငွေ နှင့် အခြားသော ငွေတောင်းခံလွှာဘေလ်များအား ပေးချေပေးရန်အတွက်လည်း တာဝန်မရှိပေ။ ဤပစ္စည်းများအား ဝယ်ယူရန် နှင့် သင့်ကိုယ်ပိုင် အသုံးစရိတ်များအတွက် ပေးချေရန် သင်ကိုယ်တိုင်အလုပ်လုပ်၍ ငွေကြေးရှာဖွေဖို့ လိုအပ်မည်ဖြစ်သည်။

နောက်ထပ်သော ရပ်ရွာအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ ခြင်း

သင် ပြန်လည်အခြေချနေထိုင်သော ရပ်ရွာအဖွဲ့အစည်းအတွင်း၌ အနည်းဆုံး ခြောက်လ မှ တစ်နှစ်အထိ နေထိုင်ရန် ကောင်းမွန်သော အကြောင်းပြချက်များစွာ ရှိပေသည်။ အကယ်၍ နောက်ထပ်သော ရပ်ရွာအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ရန် သင် စဉ်းစားထားလျှင် သင်၏ကိုယ်တိုင် ပြောင်းရွှေ့ မှု နှင့် သင့် ရပ်ရွာအဖွဲ့အစည်းအသစ်တွင် သင် လိုအပ်ကောင်း လိုအပ်မည့် ပံ့ပိုးထောက်ပံ့ရေး ဝန်ဆောင်မှုများ မှန်သမျှအား ရှာဖွေခြင်းတို့အတွက် သင်ကိုယ်၌သာလျှင် တာဝန်ရှိမည် ဖြစ်သည်။ ပြောင်းရွှေ့ရန်နှင့်ပတ်သက်ပြီး သင် စဉ်းစားထားသည်များအား သင် မပြောင်းရွှေ့မီတွင် သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီဖြင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။ ပြောင်းရွှေ့ ပြီးချိန်မှစ၍ ဆယ်ရက်အတွင်း သင်၏ လိပ်စာအသစ်အား ယူအက်စ် အစိုးရထံသို့ သင် အသိပေးအကြောင်းကြားရမည် ဖြစ်သည်။

လိုအပ်သော ဝန်ဆောင်မှုများ

ဤသည်တို့မှာ အမေရီကန်ပြည်ထောင်စု၌ စတင်နေထိုင်သည့် ပထမဆုံး ရက် ၃၀ အတွင်း ဒုက္ခသည်များ အားလုံးထံသို့ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီများ အားလုံးမှ ထောက်ပံ့ပေးရမည်ဖြစ်သော သို့မဟုတ် အခြားတစ်စုံတစ်ဦးအား သေချာပေါက်ထောက်ပံ့စေသော ဝန်ဆောင်မှုများ ဖြစ်ပေသည် –

ဒုက္ခသည်များအား လေဆိပ်တွင် တွေ့ဆုံ၍ အိမ်ရာသို့ ပို့ဆောင်ပေးခြင်း။

လိုအပ်သော ရာသီအလိုက် အဝတ်အစားများအား ထောက်ပံ့ပေးခြင်း။ အဝတ်အစားများသည် အသစ် ဖြစ်နေရန် မလိုအပ်ပေ၊ သို့သော် ၎င်းတို့သည် သန့်ရှင်းသပ်ရပ်၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေရမည် ဖြစ်သည်။

လုံခြုံ၊ ကောင်းမွန်ပြီး သန့်စင်သန့်ရှင်းမှုရှိသော အိမ်ရာအား စီစဉ်ပေးခြင်း။

မိသားစုအတွင်းမှ အရွယ်ရောက်လူကြီး တစ်ဦးစီတိုင်းအတွက် ၎င်းတို့ကိုယ်ရေးကိုယ်တာကိစ္စ သုံးစွဲနိုင်စေရန် ငွေကြေးပမာဏအနည်းငယ် ထောက်ပံ့ပေးခြင်း။

အခြေခံ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း။ ပစ္စည်းများသည် အသစ်ဖြစ်နေရန် မလိုအပ်ပေ၊ သို့သော် ၎င်းတို့သည် သန့်ရှင်းသပ်ရပ်၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေရမည် ဖြစ်သည်။

အစားအသောက်ဝယ်ယူခွင့်ကဒ်များ ရရှိချိန်အထိ သို့မဟုတ် မိသားစုမှ အစားအသောက်အတွက် ၎င်းတို့ဘာသာ ၎င်းတို့ ထောက်ပံ့နိုင်ချိန်အထိ မိသားစုအရွယ်အစားနှင့်အညီ အစားအစာများ သို့မဟုတ် အစားအသောက် အသုံးစရိတ်များ ထောက်ပံ့ပေးခြင်း။

ငွေကြေး နှင့် ကျန်းမာရေး အထောက်အပံ့များအတွက် လျှောက်လွှာတင်ရာ၌ အကူအညီပေးခြင်း။

လူမှုလုံခြုံရေးကဒ်ပြားအတွက် လျှောက်လွှာတင်ရာ၌ အကူအညီပေးခြင်း။

အကယ်၍ လိုအပ်လျှင် အင်္ဂလိပ်ဘာသာစကား သင်တန်းတစ်ခုတွင် စာရင်းသွင်းရာ၌ အကူအညီပေးခြင်း။

အလုပ် အင်တာဗျူးများ နှင့် အလုပ် ထရိန်နင်သင်တန်းသို့ ပို့ဆောင်ရေး ထောက်ပံ့ပေးခြင်း။

အကယ်၍ လိုအပ်လျှင် အလုပ်အကိုင်ရှာဖွေပေးရေး ဝန်ဆောင်မှုများတွင် စာရင်းသွင်းရာ၌ အကူအညီပေးခြင်း။

ကျန်းမာရေး စစ်ဆေးမှုများ နှင့် လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ မှန်သမျှအား ရရှိနိုင်ရန် အကူအညီပေးခြင်း။

အသက် ၁၈ နှစ် မှ ၂၅ နှစ်အကြား အမျိုးသားများအတွက် ဥပဒေသတ်မှတ်ချက်အတိုင်း စစ်မှုထမ်းခြင်းတွင် စာရင်းသွင်းရာ၌ အကူအညီပေးခြင်း။

ကလေးများအား ကျောင်းတွင် စာရင်းသွင်း၊ အပ်နှံနိုင်ရန်အတွက် အကူအညီပေးခြင်း။

ရပ်ရွာအဖွဲ့အစည်း နှင့် အမေရီကန်ပြည်ထောင်စုရှိ နေထိုင်မှုဘဝတို့ဖြင့် မိတ်ဆက်ပေးသည့် သင်တန်းအား ထောက်ပံ့ပေးခြင်း။

လိုအပ်သော ဝန်ဆောင်မှုများ အားလုံးအတွက် ပို့ဆောင်ဆက်သွယ်ရေး နှင့် စကားပြန်ဆိုမှုတို့အား လိုအပ်သလို ထောက်ပံ့ပေးခြင်း။

Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

Was this article helpful?
0
0