အမေရိကန်နိုင်ငံ အိမ်ရာလမ်းညွှန်

: အပ်ဒိတ်လုပ်ထားသည်10/14/2024
အမေရိကန်နိုင်ငံသို့ရောက်လျှင် သင်၏ အိမ်သည် တီဗီရှိုးများ၊ ရုပ်ရှင်များ၊ ကြော်ငြာများတွင် တွေ့ရသကဲ့သို့ မဟုတ်ကြောင်း သိရန် လိုအပ်သည်။ အမေရိကန်နိုင်ငံရှိ လူအများစုသည် အိမ်ငယ်လေးများနှင့် တိုက်ခန်းများတွင် ရိုးရိုးကုတ်ကုတ်သာ နေထိုင်ကြသည်။ အမေရိကန်နိုင်ငံတွင် နေအိမ်မလုံလောက်မှု ရှိကြောင်း သင်သိရန်လည်း အရေးကြီးသည်။ အိမ်ရှာနေသူများ အတွက် ရနိုင်သည့် နေအိမ်များ အလုံအလောက် မရှိဘဲ—အထူးသဖြင့် အဖိုးနည်း အိမ်ရာများ မလုံလောက်ပါ။

အမေရိကန်နိုင်ငံတွင် သင်၏ ပထမဆုံးအိမ်ရာကို နားလည်ခြင်း

သင် အမေရိကန်နိုင်ငံသို့ ရောက်ရှိချိန်တွင် သင့်အား ယာယီနေရာဖြစ်သော ဟိုတယ်၊ တက္ကသိုလ်ဝင်း၊ သို့မဟုတ် ပရိဘောဂပါသည့် တိုက်ခန်းတွင် နေရာချထားနိုင်သည်။ ယာယီအိမ်ရာသည် အများအားဖြင့် သွားလာရ လွယ်ကူသည့် နေရာတွင် ဖြစ်ပြီး အခြေခံလိုအပ်သည့် ပရိဘောဂ၊ ပန်းကန်အိုးခွက်၊ အဝတ်လျှော်ရန်နေရာနှင့် အခြား လိုအပ်ချက်များ ပါရှိသည်။ သင်သည် အမြဲတန်းနေထိုင်ရန် အိမ်ရာကို ရှာနေစဉ် အတွင်း ယာယီအိမ်ရာတွင် သီတင်းပတ် အနည်းငယ် သို့မဟုတ် လအနည်းငယ်နေထိုင်ရနိုင်သည်။

သင်၏ ပထမအိမ်ရာသည် ယာယီဖြစ်စေ ရေရှည်ဖြစ်စေ သင်နှင့် သင့်မိသားစုအား သင်တို့နှင့် ကျွမ်းဝင်သည့် အစားအသောက်နှင့် ကြိုဆိုမည်ဖြစ်ပြီး မီးဖိုဆောင်တွင် ယင်း အခြေခံ အစားအသောက်များကို ထည့်ပေးထားမည် ဖြစ်သည်။ အိမ်တွင် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းနှင့် အိမ်သန့်ရှင်းရေးလုပ်ရန် ပစ္စည်းများ ရှိပါမည်။

ရေရှည်နေထိုင်မည့် အိမ်ရာ ရှာဖွေခြင်း

အမေရိကန်နိုင်ငံတွင် အိမ်ရာများသည် အများအားဖြင့် ဈေးကြီးကာ လုံခြုံ သန့်ရှင်းပြီး ဈေးသက်သာသည့် နေရာတွင် ရရှိရန် ခက်ခဲနိုင်ပါသည်။ အမေရိကန်နိုင်ငံတွင် ရေရှည်နေထိုင်မည့် အိမ်ရာ ရှာဖွေရာတွင် လက်တွေ့ကျကျ မျှော်လင့်ချက်များ ထားရှိမှုနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်သည်။ နေရာ၊ အရွယ်အစား၊ သွားလာရေးလွယ်ကူမှု၊ သက်သောင့်သက်သာ ရှိမှုတို့သည် သင်၏ လစဉ်ဝင်ငွေနှင့် ညီညွတ်ရန် လိုသည်။ အိမ်ရာကုန်ကျစရိတ်သည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ သင့်လစဉ်အသုံးစရိတ်၏ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်သည်။

သင် အမေရိကန်နိုင်ငံသို့ ဦးစွာရောက်ရှိချိန်တွင် သင်၏ဝင်ငွေသည် နည်းပါးနိုင်ပါသည်။ သင်တတ်နိုင်သည့် ပထမဆုံးအိမ်ရာသည် သင်မျှော်လင့်ထားသည်များ အားလုံးနှင့် ကိုက်ညီမည် မဟုတ်ပါ။ အကယ်၍ သင်သည် အမေရိကန်ရောက်ပြီး ပထမ သီတင်းပတ်များတွင် အခန်းငှား၊ ဟိုတယ်တို့ကဲ့သို့သော ယာယီအိမ်ရာတွင် နေထိုင်ခဲ့ပါက သင် ငှားရမ်းမည့် ရေရှည်အိမ်ရာသည် ၎င်းတို့လောက် ကောင်းမွန်မည် မဟုတ်ပါ။

အချိန်ကြာလာသည်နှင့် အမျှ သင်၏ ဝင်ငွေ၊ ခရက်တစ် အမှတ်နှင့် စုဆောင်းငွေများတိုးလာလျှင် ပို၍ ကောင်းမွန်သော အိမ်ရာကို တွေ့နိုင်ပါသည်။ သင့်အသိုင်းအဝိုင်းအတွင်း အိမ်ရာရှာဖွေခြင်း လုပ်ငန်းစဉ်ကို လေ့လာသိရှိခြင်းအားဖြင့် သင်လိုလားသော အိမ်ရာကို အနာဂတ်တွင် ရှာဖွေရာ၌ ပိုမို လွယ်ကူနိုင်ပါသည်။  

အမေရိကန်နိုင်ငံတွင် အဖိုးနည်း အိမ်ရာများ ရှာဖွေရာတွင် အခက်အခဲရှိလျှင် သင်သည် တစ်ဦးတည်း မဟုတ်ပါ။ အဖိုးနည်း အိမ်ရာ မလုံလောက်မှုသည် ပြည်နယ် ၅၀ စလုံးတွင် ဖြစ်ပေါ်နေပြီး ဒုက္ခသည်များနှင့် လူသစ်များအပေါ်တွင်သာ မဟုတ်ဘဲ အမေရိကန် နိုင်ငံသားများအပေါ်တွင်လည်း သက်ရောက်နေပါသည်။

အမေရိကန်နိုင်ငံတွင် အိမ်ရာရှာဖွေခြင်းအတွက် အကြံပြုချက်များကို အမေရိကန်နိုင်ငံတွင် အိမ်ရာရှာဖွေရာ၌ သိသင့်သော အကြံပြုချက် ခြောက်ချက် တွင် ကြည့်ပါ။ 

Image
housing
Image
moving

သင်လိုအပ်သည့် အိမ်ရာကို သိရှိခြင်း

အိမ်ရာရှာဖွေခြင်း မစတင်မီ သင်လိုအပ်သည့် အိမ်ရာကို သိရှိသင့်ပါသည်။ အောက်ပါတို့မှာ အိမ်ရာရှာဖွေရာတွင် သိရမည့် အချက်များ ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များကို သိရှိရန်-

  • အိမ်ငှားခ မည်မျှတတ်နိုင်မည်ကို သင်၏ ဝင်ငွေထွက်ငွေ စာရင်းဖြင့် စဉ်းစားပြီး အပိုဆောင်းကုန်ကျနိုင်မည့် စရိတ်များကိုလည်း နားလည် သိရှိရပါမည်။ သင်က အိမ်တစ်အိမ်ကို ငှားမည်ဆိုလျှင် အပိုဆောင်း လစဉ်စရိတ်များဖြစ်သည့် ရေမီးစသည့်စရိတ်များ သို့မဟုတ် အာမခံများကို ထည့်သွင်းစဉ်းစားပါ။
  • သင်လိုအပ်သည့် အိမ်၏ အရွယ်အစားကို စဉ်းစားပါ။ လိုအပ်မည့် အခန်းအရေအတွက်၊ သင့်ကားရပ်ရန် နေရာလည်း ပါဝင်သည်။
  • တည်နေရာသည် သင့်မိသားစု လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိ သင့်ကိုယ်သင် မေးပါ။ ဥပမာ- အလုပ်နှင့် ကျောင်းသို့ သွားမည့် ခရီး အကွာအဝေးနှင့် အများသုံးယာဉ် ရှိမရှိ ဖြစ်သည်။ အကယ်၍ သင် သို့မဟုတ် သင့်မိသားစုဝင် တစ်ဦးအတွက် ဝင်ထွက် သွားလာရေး အထူးအစီအမံ လိုအပ်ပါက သင်၏ အိမ်ရာသည် ၎င်းလိုအပ်ချက်နှင့် ပြည့်မီမှု ရှိရပါမည်။
  • လုံခြုံသော ရပ်ကွက်ဝန်းကျင်သို့ သွားရောက်နိုင်ခြင်းနှင့် အရေးပေါ်ဝန်ဆောင်မှုများဖြစ်သည့် ရဲနှင့် ဆေးရုံ သို့မဟုတ် ဆေးခန်းတို့ အနီးအနားတွင် ရှိကြောင်း သေချာပါစေ။

မိသားစုတိုင်း၏ အခြေအနေများ ကွဲပြားကြပြီး လိုအပ်ချက်များလည်း မတူကြပါ။ ဤမေးခွန်းများက သင် သို့မဟုတ် သင့်မိသားစု၏ သီးသန့်လိုအပ်ချက်များကို သိရှိနိုင်ရန် ကူညီပေးပြီး မည်သို့သော အိမ်ရာက အကောင်းဆုံးဖြစ်မည်ကို နားလည်စေသည်။

အမေးများသည့် မေးခွန်းများ

အကယ်၍ သင်နေသည့်နေရာတွင် အဖိုးနည်း အိမ်ရာကို ရှာမတွေ့ပါက ဝင်ငွေနည်း မိသားစုများအတွက် ကူညီပေးသည့် အမေရိကန်အစိုးရ၏ အစီအစဉ်များ ရှိပါသည်-

  • ရောနှောဝင်ငွေ အိမ်ရာများတွင် တိုက်ခန်း အဆောက်အအုံများ ပါဝင်ပြီး ပုံမှန်ဈေးကွက်ရှိ ဈေးဖြင့် ငှားရမ်းသော တိုက်ခန်းများ ရှိသလို ယင်းနေရာအတွက် သတ်မှတ်ဝင်ငွေထက် နည်းပါးသည့် ဝင်ငွေနည်း မိသားစုများ အတွက် ဖယ်ထားသည့် တိုက်ခန်းများလည်း ရှိသည်။ ဤသို့သော အိမ်ရာများသည် အကန့်အသတ်ဖြင့်သာ ရှိပြီး မြို့တိုင်းနယ်တိုင်းတွင် မရှိနိုင်ပါ။
  • အစိုးရအိမ်ရာများသည် ပြည်ထောင်စုအစိုးရနှင့် ဒေသန္တရ အစိုးရတို့က ငွေရင်းနှီးစိုက်ထုတ် ဆောက်လုပ်ထားသည့် အဖိုးနည်း အိမ်ရာများ ဖြစ်သည်။ အစိုးရအိမ်ရာတွင် အိမ်လခကို အိမ်ထောင်စုဝင်ငွေမှ သတ်မှတ်ထားသည့် ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး သတ်မှတ်သည်။ ဤသို့သော အိမ်ရာများသည် အကန့်အသတ်ဖြင့်သာ ရှိပြီး သာမန်အားဖြင့် စောင့်ဆိုင်းစာရင်း ရှိသည်။
  • အိမ်ရာရွေးချယ်မှု ဘောက်ချာအစီအစဉ်ဖြင့် အိမ်ရာများကို စက်ရှင် ၈ အိမ်ရာများဟု ခေါ်ဆိုလေ့ရှိပြီး အမေရိကန် အစိုးရက ပံ့ပိုးပေးသည့် အိမ်ရာဖြစ်ကာ အိမ်ငှားကို ထောက်ပံ့ခြင်းဖြင့် အိမ်ရာဈေးသက်သာစေသည်။ ဤအိမ်ရာများသည် ဒုက္ခသည်များနှင့် လူသစ်များ အပါအဝင် သတ်မှတ်ချက်ပြည့်မီသည့် ကန့်သတ် လူပုဂ္ဂိုလ်များကသာ ထောက်ပံ့ကြေးရရန် လျှောက်ထားနိုင်ကြသည်။

အစိုးရအိမ်ငှားရမ်းမှု အစီအစဉ်များအကြောင်း ပိုမိုသိရှိရန်နှင့် သင့်အတွက် ရနိုင်သည့် အဖိုးနည်း အိမ်ရာ ရွေးစရာများကို ကြည့်ရန် ဤနေရာသို့ သွားပါ- https://www.hud.gov/states

သင်ငှားရမ်းထားသည့် အိမ်ရာတွင် ၆-၁၂ လအထိ နေထိုင်ရန် အကြံပြုပါသည်။ သို့မှသာ သင်သည် ကောင်းမွန်သော အိမ်လခပေးသည့် မှတ်တမ်းကို ရနိုင်ပါမည်။ သင်၏ အိမ်လခပေးသည့် မှတ်တမ်းက နေရာသစ်တွင် အိမ်ရာရှာဖွေ၌ အကူအညီဖြစ်စေပြီး သင်သည် စိတ်ချရသော အိမ်ငှားဖြစ်ကြောင်း သင်၏ အိမ်ရှင်ကို ပြသနိုင်မည် ဖြစ်သည်။

အကယ်၍ သင်သည် အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် စဉ်းစားပါက အောက်ပါတို့ကို မမေ့ပါနှင့်-

အိမ်ငှားစာချုပ်ကို ရပ်ခြင်း

အိမ်အငှားချသူထံမှ ငှားယူထားခြင်း ဖြစ်ပါက အိမ်ငှားစာချုပ် ရပ်ခြင်းနှင့် ပတ်သက်ပြီး သတိထားသင့်သည်။ စာချုပ်တွင် ယင်းတိုက်ခန်း၍ သင်မည်မျှကြာကြာ နေနိုင်ကြောင်း အတိအကျ ဖော်ပြထားလိမ့်မည်။ အများအားဖြင့် တစ်နှစ်ကာလ ဖြစ်သည်။ သင့်စာချုပ်ကုန်ဆုံးသည့် ရက်မတိုင်မီ ပြောင်းရွှေ့ပါက သင်သည် ဒဏ်ကြေး ပေးဆောင်ရနိုင်သည် သို့မဟုတ် စာချုပ်ပါ ကျန်ရှိလများအတွက်ကိုပင် ပေးရနိုင်သည်။

သင့်စာချုပ်တွင် မပြောင်းရွှေ့မီ မည်မျှ ကြိုတင်ပြီး သင့် အိမ်ငှားချသူအား အကြောင်းကြားရမည် သို့မဟုတ် စာချုပ်သက်တမ်းတိုးရမည် ဆိုသည်ကို ဖော်ပြထားလိမ့်မည်။ ၎င်းကို ထွက်ခွာရန် အသိပေးခြင်းဟု ခေါ်သည်။ အများအားဖြင့် သင်၏ စာချုပ် သက်တမ်းတိုးရန် သို့မဟုတ် ပြောင်းထွက်ရန် နေ့ရက် မတိုင်မီ ရက်ပေါင်း ၃၀ မှ ၉၀ ကြိုတင်၍ အသိပေးရမည်။

အကယ်၍ သင်က ပြောင်းထွက်ရန် စီစဉ်ပါက သင်သည် စာချုပ်ကို စောပြီး ရပ်လျှင် မည်သို့ ဖြစ်လာနိုင်ကြောင်း သိရှိရန် သင်၏ အိမ်ငှားစာချုပ်ကို စစ်ဆေးပြီး သင်၏ အိမ်ငှားချသူနှင့် စကားပြောပါ။

သင်၏ အေအာရ်-၁၁ ကို ဖြည့်ပါ

သင်သည် အမေရိကန်နိုင်ငံ၏ နိုင်ငံသားနှင့် ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ (USCIS) ကို သင်နေရာပြောင်းတိုင်း အကြောင်းကြားရမည်။ ယာယီပြောင်းရွှေ့လျှင်ပင် အကြောင်းကြားရမည်။ သင်သည် အေအာရ်-၁၁ ဟုခေါ်သည့် ဖောင်ပုံစံကို ဖြည့်ပြီး သင်၏ လိပ်စာအသစ်ကို USCIS အား အသိပေးရန် လိုအပ်သည်။ ၎င်းက သင်မည်သည့်နေရာတွင် ရှိနေကြောင်း သိရှိနေရန် အကူအညီဖြစ်စေသည်။

ဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်များအတွက် လျှောက်ထားခြင်း

သင်ပြောင်းရွှေ့ခြင်းကြောင့် ဒေသန္တရ ဝန်ဆောင်မှုများ ဖြစ်သည့် အစားအစာ ထောက်ပံ့မှု သို့မဟုတ် ကျန်းမာရေး ဝန်ဆောင်မှုကဲ့သို့သော ပံ့ပိုးမှုများ ပြောင်းလဲသွားနိုင်ကြောင်း နားလည်ရန် အလွန် အရေးကြီးပါသည်။ သင်၏ နေရာဝန်းကျင်အသစ်တွင် ထပ်မံလျှောက်ထားရန် လိုအပ်နိုင်ပြီး သင်ရရှိမည့် ဝန်ဆောင်မှုများ ကွဲပြားနိုင်သည်။

ရှင်းလင်းချက်- ဤအရင်းအမြစ်ကို ဒုက္ခသည် အိမ်ရာအဖြေရှာခြင်းများ နှင့် ပူးတွဲ ပြုစုထားပါသည်။ ဒုက္ခသည် အိမ်ရာအဖြေရှာခြင်းများသည် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ဘုရားကျောင်းဝန်ဆောင်မှု (Church World Service) ၏ အစီအစဉ်တစ်ရပ်ဖြစ်ပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ငွေကြေးဖြင့် ပံ့ပိုးရန် သဘောတူထားသည်။

Was this article helpful?
3
0