စိတ်ခံစားမှုဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး

: အပ်ဒိတ်လုပ်ထားသည်10/14/2024
စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်ရေးဆိုသည်မှာ သင်၏ စိတ်ခံစားမှုကို နားလည်နိုင်သည့် စွမ်းရည်နှင့် အခက်အခဲ၊ စိတ်ဖိစီးမှု သို့မဟုတ် သင့်ဘဝအပြောင်းအလဲများနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်သည့် စွမ်းရည်ဖြစ်သည်။ စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်ရေးသည် အထွေထွေ ကျန်းမာရေးအတွက် အရေးကြီးပြီး ပိုမိုကောင်းမွန်သည့် ကျန်းမာရေး၊ ခိုင်မာသော ဆက်ဆံရေးနှင့် စိတ်ခံစားမှု ခံနိုင်ရည်တို့ကို ရရှိစေနိုင်သည်။

စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်ရေးက သင့်ဘဝအပေါ် မည်သို့ သက်ရောက်ပါသလဲ

စိတ်ခံစားမှုများ ဆိုသည်မှာ ကျွန်ုပ်တို့ ခံစားသည့် အရာများ ဖြစ်သည်။ သင်သည် ပျော်ရွှင်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းကဲ့သို့ ကောင်းမွန်သော စိတ်ခံစားမှုများ ရှိနိုင်သည်။ ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်း သို့မဟုတ် စိတ်ဖိစီးခြင်း ကဲ့သို့သော မကောင်းမွန်သည့် စိတ်ခံစားမှုများ ရှိနိုင်သည်။ စိတ်ခံစားမှုများသည် သင်၏ စဉ်းစားပုံ၊ သင်၏ ဆက်ဆံရေး၊ သင်၏ နိစ္စဓူဝ လုပ်ဆောင်ချက်များနှင့် ကျန်းမာရေးတို့အပေါ် သက်ရောက်မှု ရှိနိုင်သည်။

ဆက်ဆံရေးများ- လူများသည် မိမိတို့၏ စိတ်ခံစားချက်များနှင့် နပန်းလုံးနေချိန်တွင် အခြားသူများ၏ ခံစားချက်ကို နားလည်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် ခက်ခဲပါသည်။ စိတ်ခံစားချက်များ ကောင်းမွန်နေခြင်းသည် မိတ်ဆွေများ၊ မိသားစုဝင်များနှင့်၊ သို့မဟုတ် အလုပ် သို့မဟုတ် ကျောင်းတို့တွင် တွေ့ကြုံရသည့် သဘောထား မကိုက်ညီမှုများကို အေးဆေးတည်ငြိမ်စွာ စီမံနိုင်ရန် သင့်အား အကူအညီပေးပါသည်။  

မှတ်ဉာဏ်နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း- လွန်ကဲသည်ဟု သင်ယူဆသည့် စိတ်ဖိစီးမှုများ၊ စိတ်ခံစားချက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် သင်သည် အာရုံစိုက်နိုင်မှုအားနည်းပြီး အာရုံလွှင့်ပါးခြင်း သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း နည်းခြင်းတို့ ဖြစ်နိုင်သည်။ ဥပမာအားဖြင့် သင်သည် မီးဖိုပေါ်တွင် အိုးတည်ထားသည်ကို မေ့ခြင်း သို့မဟုတ် အရေးကြီးသည့် ရက်ချိန်းများကို သတိမရခြင်း စသည်တို့ ဖြစ်လာကြောင်း သတိပြုမိလိမ့်မည်။  

ကိုယ်ခန္ဓာ ကျန်းမာရေး- သင်၏ စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်ရေးနှင့် ကိုယ်ခန္ဓာ ကျန်းမာရေးတို့သည် ဆက်နွှယ်နေပါသည်။ စိတ်ခံစားမှုဆိုင်ရာ အခက်အခဲများသည် ကိုယ်ခန္ဓာတွင် ပြောင်းလဲမှုကို ဖြစ်စေပြီး ဖျားနာခြင်း သို့မဟုတ် အိပ်မရခြင်းတို့ ဖြစ်စေသည်။ သင်၏ စိတ်ခံစားမှုနှင့် ကိုယ်ခန္ဓာအာရုံခံနိုင်ခြင်းတို့အပေါ် သတိရှိနေခြင်းသည် ခက်ခဲသော စိန်ခေါ်မှုများကို ကျော်ဖြတ်ရန်အတွက် အရေးကြီးပါသည်။  

သင်၏စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ခြင်း-

လူတိုင်းတွင် စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအပေါ် ရိုက်ခတ်သည့် အတွေ့အကြုံများ ရှိကြပါသည်။ ဤအတွေ့အကြုံများသည် အလုပ်တွင် ရာထူးတက်ခြင်း ကဲ့သို့ ကောင်းမွန်သော အရာများ ရှိသကဲ့သို့ ဖျားနာခြင်း ကဲ့သို့ ဆိုးရွားသော အရာများ ရှိသည်။ သင်၏ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေရန် ဂရုစိုက်နိုင်သည့် နည်းလမ်းအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

သတိရှိပါ။ သတိရှိခြင်းက သင့်အား တည်ငြိမ်ရန်၊ စိတ်ဖိစီးမှုကို ရင်ဆိုင်ရန် အကူအညီဖြစ်စေပြီး သင်၏ အတွေးနှင့် ခံစားချက်များကို ပိုမိုထိန်းချုပ်နိုင်သည်။ ဥပမာအားဖြင့် သင်သည် စိတ်ပျံ့လွင့်နေမည့်အစား အသက်ရှူခြင်းအပေါ် သို့မဟုတ် သင်လုပ်ဆောင်နေသည့်အရာအပေါ် သတိဖြင့် အာရုံစိုက်နိုင်သည်။ 

ချိန်ခွင်လျှာညီမျှမှုကို ရှာပါ။ ဝါသနာ၊ ဘုရားရှစ်ခိုးခြင်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့ သင်နှစ်သက်သောအရာများလုပ်ဆောင်ရန် အချိန်ဖယ်ထားခြင်းဖြင့် သင်၏ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီ ဖြစ်စေသည်။ 

အခြားသူများနှင့် ချိတ်ဆက်ပါ။ သင့်ခံစားချက်ကို မိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များဖြင့် မျှဝေခြင်းဖြင့် သင်၏ စိတ်ခံစားချက်များကို သင်ပိုမိုနားလည်လာနိုင်သည်။ 

စိတ်ဖိစီးမှုကို ထိန်းချုပ်စီမံပါ။ စိတ်ဖိစီးမှုသည် သင့် ကိုယ်ခန္ဓာနှင့် စိတ်နှစ်ခုစလုံးအပေါ် ရိုက်ခတ်နိုင်သည်။ ပုံမှန် လုပ်ရိုးလုပ်စဉ်များကို မပျက်မကွက် လုပ်ဆောင်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ အသီးအရွက်အများအပြားကို သတိဖြင့် စားသောက်ခြင်း၊ ကိုယ်ခန္ဓာလှုပ်ရှားမှုပြုလုပ်ခြင်းတို့သည် ရေတိုနှင့် ရေရှည် စိတ်ဖိစီးမှုများကို ထိန်းချုပ်စီမံနိုင်သည့် နည်းလမ်းအချို့ ဖြစ်သည်။  

ဘယ်အချိန်မှာ စိတ်ခံစားမှု အကူအညီ ရှာဖွေရမလဲ

လူတိုင်း၏ စိတ်ခံစားမှု အတွေ့အကြုံများနှင့် ထိန်းချုပ်စီမံပုံများ မတူညီကြပါ။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် အလုပ်သစ် စတင်ချိန်တွင် ကောင်းမွန်သည့် စိတ်ခံစားချက်များ တွေ့ကြုံရချိန်တွင် နောက်တစ်ဦးက စိတ်ပူပန်နေနိုင်သည်။ အောက်ပါ လက္ခဏာများမှ တစ်ခုခုကို သီတင်းပတ်ပေါင်းများစွာ တွေ့ကြုံရပါက အကူအညီတောင်းခံရန် စဉ်းစားပါ-

  • သင့်ကိုယ်သင် သို့မဟုတ် သင့်မိသားစုကို ပြုစုစောင့်ရှောက်ခြင်း ကဲ့သို့သော ပုံမှန်အလုပ်ကို လုပ်ဆောင်ရန် ခက်ခဲနေသည်။ ဥပမာအားဖြင့် ပုံမှန် ရိုးရိုးချက်ပြုတ်ခြင်း သို့မဟုတ် ပုံမှန်စားသောက်ခြင်းတို့ကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည်။ 
  • အနည်းငယ်သာ အိပ်သည် သို့မဟုတ် အလွန်အိပ်သည်။ 
  • တစ်နေ့လုံးနီးပါး ဝမ်းနည်း သို့မဟုတ် စိတ်ပူပန်နေသည်။ 
  • စိတ်တို သို့မဟုတ် စိတ်မရှည်ဖြစ်သည် သို့မဟုတ် ဒေါသထွက် ပေါက်ကွဲသည်။ 
  • အလုပ်၊ ကျောင်း သို့မဟုတ် သင်၏ ဆက်ဆံရေးတို့တွင် အပြုအမူများ ပြောင်းလဲခြင်းကို သတိပြုမိသည်။ ဥပမာအားဖြင့် သင်သည် မိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များအား ရှောင်နေခြင်း၊ သို့မဟုတ် အရေးကြီးသော လုပ်ဆောင်စရာများ သို့မဟုတ် ရက်ချိန်းများကို မှတ်မိရန် ခက်ခဲနေသည်။ 
Image
playing sports
Image
people speaking

စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးသည့် ဝန်ဆောင်မှု အမျိုးအစားများ

သင်အကူအညီလိုအပ်ပါက ကျွမ်းကျင်သူ ပံ့ပိုးမှု ရနိုင်သည်။ ကျွမ်းကျင်သူ ပံ့ပိုးမှု ဥပမာအချို့တွင် နှစ်သိမ့်ဆွေးနွေးပေးသူတစ်ဦးနှင့် တွေ့ဆုံခြင်း၊ ပံ့ပိုးသည့် အဖွဲ့တွေ့ဆုံပွဲသို့ တက်ရောက်ခြင်း၊ သို့မဟုတ် ဆရာဝန်ထံမှ ဆေးဝါးလက်ခံရရှိခြင်းတို့ ပါဝင်သည်။ အကူအညီရယူရန် သင်၏ မူရင်းဆရာဝန်၊ လူမှုဝန်ထမ်းတာဝန်ခံနှင့် စကားပြောပါ၊ သို့မဟုတ် သင့်နေရာဒေသရှိ ဝန်ဆောင်မှုများကို ရှာပါ။
အကူအညီပံ့ပိုးမှု ရှာဖွေခြင်းသည် ပုံမှန်လုပ်ဆောင်ချက်ဖြစ်ကြောင်း သတိရပါ။ လူတိုင်းက စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု သို့မဟုတ် စိုးရိမ်ပူပန်ကြောင့်ကြမှုများကို ခံစားရတတ်ပါသည်။ သင်၏ အတွေးများနှင့် ခံစားချက်များအပေါ် ဂရုစိုက်ခြင်းသည် သင့် စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်ရေးအတွက် အရေးကြီးပါသည်။

အကယ်၍ သင်သည် သင့်ဘဝကို အဆုံးသတ်ရန်၊ သို့မဟုတ် သင့်ကိုယ်သင် သို့မဟုတ် အခြားသူများကို နာကျင်အောင် လုပ်ရန် အတွေးများ ဖြစ်လာပါက သင်သည် အကူအညီပံ့ပိုးမှုကို ချက်ခြင်းရယူရန် လိုအပ်နေပါသည်။ ကျေးဇူးပြု၍ မိမိကိုယ်ကို သတ်သေခြင်း အရေးပေါ်လိုင်း ၉၈၈ ကို ဖုန်းခေါ်ပြီး ကျွမ်းကျင်သူတစ်ဦးနှင့် စကားပြောပါ။ မိမိကိုယ်ကို သတ်သေခြင်း အရေးပေါ်လိုင်း ၉၈၈ တွင် ဘာသာစကား ၂၄၀ ကျော် ရနိုင်သည်။ ကျွမ်းကျင်သူ ပညာရှင်ကို ချက်ခြင်း ဆက်သွယ်လိုပါက ၉၈၈ သို့ အင်္ဂလိပ်ဘာသာ သို့မဟုတ် စပိန်ဘာသာဖြင့် စာတို ပို့နိုင်ပါသည်။

မိမိကိုယ်ကို သတ်သေခြင်း အရေးပေါ်လိုင်းကို ဖုန်းခေါ်ပါက လေ့ကျင့်သင်ကြားထားသည့် အကြံပေးသူက ဖုန်းကိုင်ပြီး သင့်အား လိုအပ်ပါက ဘာသာပြန်နှင့် ချိတ်ဆက်ပေးပါမည်။ သင်က မိမိကိုယ်ကို နာကျင်အောင်လုပ်လိုလျှင် သို့မဟုတ် ဘဝကို အဆုံးသတ်လိုသည့် ခံစားချက်များ ရှိလျှင် အကြံပေးသူသည် သင့်ပြောဆိုမှုကို နားထောင်ပြီး သူ့အား ဘေးကင်းရန် ကူညီပေးပါသည်။ အကယ်၍ သင်သည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အကြံပေးသူက ယူဆလျှင် သင်နှင့် တိုင်ပင်ပြီး ၉၁၁ နှင့် ရဲတပ်ဖွဲ့၊ မီးသတ် သို့မဟုတ် အရေးပေါ်ဆေးရုံကား ဝန်ဆောင်မှုများကဲ့သို့ ဒေသတွင်း အရေးပေါ် ဝန်ဆောင်မှုများကို ဆက်သွယ်၍ သင့်ထံသို့ ကူညီရန် လာရောက်နိုင်သည်။

 

ရှင်းလင်းချက်-:

IRC သည် အောက်ပါအဖွဲ့အစည်းများမှ ယှဉ်ပြိုင်လျှောက်ထားချက် မှတစ်ဆင့် ငွေကြေးထောက်ပံ့မှု ရရှိပါသည်။ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ဆောင်မှုဆိုင်ရာ အမေရိကန် ဝန်ကြီးဌာန၊ ကလေးများနှင့် မိသားစုများအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ထောက်ပံ့ကြေး #90RB0052 နှင့် ထောက်ပံ့ကြေး #90RB0053။ IRC သည် အောက်ပါအဖွဲ့အစည်းများမှ ယှဉ်ပြိုင်လျှောက်ထားချက် မှတစ်ဆင့် ငွေကြေးထောက်ပံ့မှု ရရှိပါသည်။ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ဆောင်မှုဆိုင်ရာ အမေရိကန် ဝန်ကြီးဌာန၊ ကလေးများနှင့် မိသားစုများအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ထောက်ပံ့ကြေး #90RB0052 နှင့် ထောက်ပံ့ကြေး #90RB0053။ အစီအစဉ်ကို ပြည်ထောင်စု ရန်ပုံငွေများမှ ၁၀၀% ထောက်ပံ့ပါသည်။ ဤမှတ်တမ်းပါ အကြောင်းအချက်များသည် ရေးသားသူများ၏ တာဝန်သာဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ဆောင်မှုဆိုင်ရာ အမေရိကန် ဝန်ကြီးဌာန၊ ကလေးများနှင့် မိသားစုအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့၏ တရားဝင် အမြင် သဘောထားများကို ကိုယ်စားပြုသည်ဟု မဆိုလိုပါ။ ဤမှတ်တမ်းပါ အကြောင်းအချက်များသည် ရေးသားသူများ၏ တာဝန်သာဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ဆောင်မှုဆိုင်ရာ အမေရိကန် ဝန်ကြီးဌာန၊ ကလေးများနှင့် မိသားစုအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့၏ တရားဝင် အမြင် သဘောထားများကို ကိုယ်စားပြုသည်ဟု မဆိုလိုပါ။

Was this article helpful?
0
0